ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ခေါ်သည့်အသုံးလော

https://i2.wp.com/arakantimes.net/burmese/images/isaland-Mya%20Aye2.jpgယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေး ငြင်းခုံနေကြသည်ကို ဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ “ရိုဟင်ညာ”ဟု သမုတ်ထားသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝါကာ အူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဖြစ်ပါသည်၊ မြန်မာများက အိန္ဒိယ တိုက်ငယ်ဒေသမှ လာသောသူများကို “ငမဲ”ဟု ရှုံ့ချခေါ်ကြပါသည်ဟု ကမ္ဘာပတ်ပြီး လျှောက်အော်နေပါ၏။ ဝါကာအူဒင်သည် မြန်မာစကားနှင့်စာကို ကောင်းစွာတတ်သူမဟုတ်ကြောင်း ထိုသူ၏ ရေဒီယို အင်တာဗျူးများကို နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မည်။

အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်စပ်လျဉ်း၍ စာရေးသူသည် မြန်မာစာပေပါအသုံးများ၊ ထင်ရှားသည့် မြန်မာပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားသော ပုဂ္ဂိုလ်များ၏သုံးစွဲပုံများနှင့် ပညာရှင်မဟုတ်သော သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားထားသည်များ၏ ခြားနားချက်များကို “ကွက်ကွက် ကွင်းကွင်း မုန့်တီဟင်းကဲ့သို့”ဆိုသော ဦးပုည၏ စကားအတိုင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြပါမည်။

မြန်မာပညာရှင်များ၏အယူအဆ

ယူဆချက် (၁)။ ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း အယူအဆတစ်ရပ်ရှိပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ ကုလပုတ္တ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား၊ အမျိုးကောင်းသား ဟုဆိုလိုသည်။ ရှေးဦးမြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ဤအခေါ်အဝေါ်အားဖြင့် ခြီးခြောက်ကြသည်။ အဘယ် ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော်တိုင်ပင် အိန္ဒိယတိုင်းသား တစ်ဦးဖြစ်သောကြောင့်ပေတည်း။

အထောက်အထားများ –

၁။ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၉၁၊ စာမျက်နှာ ၉

ကုလား /kla;/ n 1. အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2. သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ။ 3. စက္ကူဖဲတွင် ဂျက်၊ ကွင်း၊ ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှ လာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ]

၂။ ဦးဝန်၊ တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁)၊ ရန်ကုန်၊ ၁၉၅၂၊ စာမျက်နှာ ၂၂။

ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ—-နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ ဂလာ။ ပါ၊ ကုလ]

၃။ ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။

ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။

ယူဆချက်(၂)။ ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မွန်စကားဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ် သော အိမ်တွင်နေသူများ)မှ ဆင်းသက်လာကြောင်း သိရှိရသည်။

အထောက်အထား – မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ(၁၄)ရာစု၊ ပဲခူး။

ယူဆချက်(၃)။ တတိယအယူအဆအနေဖြင့် ကုလားဟူသောစကားလုံးသည် ကိုလား(Cola/Chola)ဟူသော ဝေါဟာရများမှ ပြောင်းလဲဖြစ်ပေါ်လာသည်။

အထောက်အထား – Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, “A History of the Myanmar Alphabet, p.iv.

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက် ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ(Kadamba), ကလုကျ(Calukya), ရပ်စတြကုတ (Rashtrakuta)နှင့် ကိုလား(Cola)ကဲ့သို့သော မင်းဆက်များ ဆက်လက်ပေါ် ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi)ထွန်းကားလာခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi)အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အရေးအသား၊ တောင်ပိုင်း တွင် တယ်လဂူ(Telugu), ကနာတီ(Kanati), ကဝိသုံးဂရန္တ (academic Grantha)နှင့် ကဒမ္ဗ(Kadamba), ကလုကျ (Calukya) , ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေးအသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှ ဆင်းသက်လာသော ၎င်းစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသား တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခဲ့သည်။

အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှုတို့ကို တစ်ပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား ကိုလား(Cola/Chola) လူမျိုးများဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ ထို့ကြောင့် ၎င်းအခေါ်အဝေါ်သည် မွန်တို့၏မူလ အသုံးအနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ ကူလားနှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား စသည့် အသုံးအနှုန်းများနှင့်ဆက်သွယ်မှု ရှိနိုင်ပါသည်။

စာရေးသူထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစကား ကုလမှ ဆင်းသက်လာခြင်း(သို့)အိန္ဒိယတောင်ပိုင်းရှိ ကိုလား(Cola/Chola)မင်းဆက် ဟူသောစကားနှင့် ဆက်စပ်မှုရှိခြင်း(သို့)နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာဟုမွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက် ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ အယူအဆအားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ်သက်ရောက်မှုမျိုး(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ ထို့ကြောင့် ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာပြောဆို ရေးသားသုံးနှုန်းနိုင်သည်သာမက ၎င်းအသုံးအနှုန်းသည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်ပါသည်။

ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကား အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ ပုဂံခေတ်ကျောက်စာများ (အေဒီ-၁၂ရာစု၊ အေဒီ-၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလားပသာ သည် စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။

အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ်(သို့)အရာဝထ္ထုအား ဂုဏ်သရေ ညှိုးနွမ်းစေခဲ့လျှင်(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တစ်နိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။

ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်းဟု ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင်(၀ါ) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် ထိုခေတ်အခါက သက်ဦးဆံပိုင်ဘုရင်အား မည်သူတစ်ဦးကမျှ ထိုကဲ့သို့သောအမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။ (နှိုင်းယှဉ်ရန်-ပုဂံခေတ် နရ သီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟု ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဘုရင်သည် အေဒီ(၁၂၈၇)ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသောကြောင့် ဖြစ်သည်။)

မြန်မာရာဇ၀င်ဆရာများထဲတွင် အထင်ရှားဆုံး ရာဇ၀င်ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယ အင်းဝ မင်းဆက်)အတွင်း ရေးသားပြုစုခဲ့သူ၏အမည်မှာ ဦးကုလားဖြစ်သည်။ အကယ်၍ ကုလားဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခု ဖြစ်နေခဲ့ပါလျှင်(သို့)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် ထိုရာဇ၀င်ဆရာသည် ၎င်း၏အမည်အား ပြောင်းလဲ ပစ်မည်မှာ သေချာသည်။

ရှေးခေတ်အခါက ရခိုင်၊ ဗမာ၊ မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင် မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။ အထက်ပါအချက်အရ ထိုဘုရင် များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါ အချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက်၍ နှိမ့်ချဆက်ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များ မြန်မာများ၌လည်းကောင်း၊ အခြားတိုင်းရင်းသားများတွင်လည်းကောင်း မရှိခဲ့ကြောင်း သိနိုင်ပါသည်။

မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ပေါင်းစပ်၍ အမည်သစ်ဖန်တီးကာ ထိုအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း(သို့) နိုင်ငံခြားမှ ၀င်ရောက် လာကြောင်း(သို့) မြန်မာပြည်၏ အနောက်ဖက်ရှိ တိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။

ဥပမာများ။

(၁) ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။

ကုလားစပါး(ဂျုံ)၊ ကုလားတည်(သရက်သီးကုလားတည်၊ မရမ်းသီးကုလားတည်)၊ ကုလားထိုင်၊ ကုလားပဲ၊ ကုလားဖြူ၊ ကုလားနံနံ။

(၂) နောက်တွင် ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။

ဆိတ်ကုလား(သိုး)၊ (မှတ်ချက်၊ ဆိတ်ကို ဆိတ်မြန်မာ၊ သိုးကို ဆိတ်ကုလားဟုခေါ်ကြောင်း ဆရာတော် ဦးဩဘာသ၏ မဟာဇနက္က ဇာတ်တော်ကြီးတွင် တွေ့နိုင်သည်။)၊ ဒုံးကုလား (ယာဉ်ထောက်ဂျက်)၊ ငှက်ကုလား၊ ဗွတ်ကုလား၊ ကျေးကုလား။

ခိုင်မာသည့်စာပေများတွင် ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ။

(1) ယောအတွင်းဝန် ဦးဖိုးလှိုင်-ဥတုဘောဇနသင်္ဂဟကျမ်း၊ စာမျက်နှာ-၈၉

[အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]

(2) ပုဂံဝန်ထောက်မင်းဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို…….]

(3) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ……]

(4) မန်လည်ဆရာတော်-မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ခုနှစ်)၊ စာမျက်နှာ ၃၇

[ကုလားပသီ ဘရင်ဂျီက………..]

(5) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ခုနှစ်၊ စာမျက်နှာ ၂၉

[သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို…]

(6) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့အလည်အပတ် လာရောက်စဉ် ရေးစပ်ခဲ့သည်။

[အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့်………]

ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ လုပ်ကြံခြင်း မခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ ဖြုန်းတီးမှုများကို ထောက်ပြ သွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပမှတင်သွင်းကုန် အရေအတွက်ကို လျှော့ချ သင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။

“ဆီကို ကုလားပြည်က ၀ယ်ရတယ်”

အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ် သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ချေ။

(2) ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု

Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုခဲ့သည့် ၀န်ကြီးချုပ်ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ(၁၇)တွင်-

” ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”

စာမျက်နှာ ၂၀၅ တွင်-

” အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee)ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည်ချောင်း၍ အသတ်ခံရမည်လောဟူ၍)တိုင်ပင်ဖူး၏။”

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးသိန်းဖေမြင့်။

သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ(၁၇၀)တွင်-

” ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တစ်ခါတစ်ခါ ဗမာများနှင့် ဆိုးတူကောင်းဖက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊ တညင်စသော ရေနံမြေသပိတ်တို့၌လည်းကောင်း၊ အခြားသပိတ်တို့၌လည်းကောင်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တစ်ပူးတစ်ပေါင်းတည်းရှိသည်မှာ ထင်ရှား၏။ ”

အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊ သြဂုတ်လ(၇)ရက်။

” ကရင်၊ ရှမ်း၊ ပလောင်၊ တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုတ်ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး အခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။ ”

(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ(၂၇)ရက်။ အခဏ်း(၆)၊ အပိုဒ်(၄)။

“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”

“ မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (သို့) စာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏အသုံးအရ “စောက်ရမ်း ဘာသာပြန်ခြင်း ”

(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု၊

ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသောကြောင့် အဆိုပါ အစွန်းရောက် အမျိုးသားရေးဝါဒီတို့က ကုလားဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလားဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။

၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစ်စုံတစ်ရာ မပါရှိဘဲ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်း စာပေဗဟုသုတ မကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြုမူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျှက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်းအဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။

အကယ်၍ “ကူးလာ” မှ “ကုလား” ဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကိုကပ္ပလီဟု မြန်မာဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်းအတင်း မြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်)ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် “အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလာမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ”မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။

ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ”မှ ဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။

(ခ) မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများ ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ် ဖွင့်ဆိုပြီးနာကြည်းကြခြင်း။

ကုလားဟူသော အခေါ်အဝေါ်သည် တစ်ဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ(သို့)အသားမဲဟုအဓိပ္ပါယ်ရသော “ကာလာ” ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခွဲခြားဆက်ဆံခဲ့ ကြခြင်းကြောင့်လည်း နာကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။

သို့သော် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါ အဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်း မရှိခဲ့ချေ။ အတိအကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ ဗမာ၊ ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။

အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတွင်းနေထိုင်ကြသည့် အိန္ဒိယနွယ်ဖွား လူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကိုသေချာစွာ မလေ့လာသည့်အပြင် ကိုယ်လိုရာဆွဲပြီး “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” လုပ်နေချက် သက်သက်သာဖြစ်သည်ဟု သုံးသပ်မိသည်။

မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရထဲတွင် “ဖာမ” သို့မဟုတ် “ဖားမ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေသည်။ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်း မရှိခဲ့ချေ။

အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံ ကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူဘဲ) ရေးသားတင်ပြမှုများ။

(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.

“Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean “the caste people”. Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos .”

မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို “ကုလား”ဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသောစကားသည် တိုင်းပြည်တွင်းသို့ ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။

အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတစ်ခုမှာ သက္ကတဘာသာစကားအရ ကုလား၏အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊ သီးသန့်ခွဲခြားထားသော လူတစ်စုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲ တတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ်ခဲ့ဟန်တူသည်။

အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတစ်ခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသားကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား)ဟု ခေါ်ဝေါ်လေ့ရှိသည်။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တစ်ဖက်သားအား ရှုံ့ချစော်ကားစရာစကားတစ်ခု အမှန်ဖြစ်လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များ သိမ်းပိုက် ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒိုဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။

အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်းအချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏ တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။

အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။

(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ(၅)ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။

“နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”

(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ(၈)ရက်၊ ၁၉၄၂၊ တနင်္ဂနွေနေ့။

“တရုတ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆံ့နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”

(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ(၂၉)ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။

“ဗမာပိုင်၊ ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။”

(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။

“ကုလား ဒုက္ခသည်များ………”

အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေး သားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တစ်ခြားနည်းလမ်း မရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင်ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40:

ကုလား

vulg Inder m; Mann m aus dem Westen

Dr. Esche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှ လူ(သို့)အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့်စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုး များအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။

တကယ်စင်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊ နေရှုး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များအပေါ်အထူး လေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဖက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။

နိဂုံး။

စာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ ကိုလိုနီခေတ် ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတစ်ချို့က “ကူးလာ” မှ ကုလားဖြစ်လာသည်ဟု ထွင်ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ(ဝါ) ငမဲ (သို့)အသားမဲဟု အဓိပ္ပါယ်ရသော “ကာလာ” ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီး နာကြည်းကြခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူ ရေရွတ်ပြီး ပြောဆိုလေ့ရှိကြ ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတစ်ဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။

စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂ န္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများ အတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။

နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်းရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေ နယ်ပယ်အတွင်း လေ့လာလိုက်စားသူများအားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူဘဲ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာလိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလာဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များကို လက်သင့်မခံလိုဘဲ မှားယွင်းသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုသာ စွဲမြဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။

ဇော်ထွေးမောင်

ဝန်ခံချက်။

1. Khin Maung Saw, (Mis)Interpretations of Burmese Words. In the case of Kala (Kula) ကို အကျဉ်းချုံ့ပြီး ဆီလျော်အောင် ဘာသာပြန်ပါသည်။

2. ကဝိလက္ခဏာ သတ်ပုံကျမ်းနှင့် ကဝိမျက်မှန်သတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းကိုသုံးပါသည်။

credit to arakantimes.net

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s