Tag Archives: ပေးစာ

ကျောင်းဆရာဆိုတာ လက်ဝေခံတွေလား (ဘူးသီးတောင်မြို့မှ ဆရာတစ်ဦး၏ရင်ဖွင့်စာ)

ngalone1

ကျွန်တော် ကျောင်းဆရာ တစ်ဦးပါ။ ဆရာ ဆိုတဲ့အတိုင်း အလုပ်စ၀င်တဲ့နေ့က စပြီး၊ ဒိနေ့ထိ သမားဂုဏ်နဲ့ညီအောင် နေထိုင်ကျင့်ကြံခဲ့ပါတယ်။ ခုကျနော် ပြောချင်တာက ဘူးသီးတောင်မြို့ ပညာရေးဝန်ထမ်း တွေခံစားနေရတဲ့ ခံစားချက်တွေကို အားလုံးကိုယ်စားပြောပြချင်တာပါ။ ပထမ တစ်ခုက ပညာရေးဝန်ထမ်းတွေရဲ့ လစာထုတ်တဲ့ ပုံစံပါ။ လကုန်လို့ ဆရာ/မ တွေလစာထုတ်မယ် ဆိုရင် ကိုယ်တိုင်ထုတ်လို့ မရဘူး၊ ထုတ်စရာမလိုဘူးပေါ့။သက်ဆိုင်ရာ ကျောင်းအုပ်တွေက ထုတ်ပါတယ်။ ကျောင်းအုပ်တွေက နေတဆင့် ကျွန်တော်တို့ က ထုတ်ရပါတယ်။ဘူးသီးတောင် မြို့နယ် တစ်ခုလုံး ဆရာ/မ အင်အားက ၁၀၀၀ ကျော်ရှိတော့ ဒိလိုလုပ်တာ ပညာရေး ရုံးအတွက်ရော ၊ ဆရာ/မ တွေအတွက်ပါ အဆင်ပြေပါတယ်။ ဒါက ကိစ္စမရှိပါဘူး။ကိစ္စရှိနေတာက ၀န်ထမ်းတွေ လစာကနေ ရုံးဖြတ်ငွေဆိုပြီး လစဉ်လတိုင်း ဖြတ်တောက်နေတာပါပဲ။ ရုံးဖြတ်ငွေ ကပုံမှန် လတိုင်းလိုလို ၃၀၀၀ ဖြတ်ပါတယ်၊ တခါတလေ ၂၀၀၀ ဖြတ်ပါတယ်။ ဘာကြောင့် လတိုင်း ရုံးဖြတ်ငွေဆိုပြီး ဖြတ်နေရတာလဲ ဆိုတာ ဆရာ/မ တွေ အားလုံး လိုလိုက နားမလည်၊ မကျေနပ်ကြပါဘူး။ကိုယ်တိုင်လဲ လစာမထုတ်ရ ၊ လစာထုတ်လာတဲ့ ကျောင်းအုပ်ကို မေးကြည့်ပြန်တော့ လဲ သူပြောနိုင်တာက ဒါက ပညာရေးစာစောင်ဖိုး၊ ဒါက ပြက္ခဒိန်ဖိုး ဒိလောက်ပါပဲ။ ကျန်တဲ့ ငွေတွေ က ဘာအတွက်ဖြတ်လဲ သူလဲမသိပါဘူး။တချို့ ဆရာ/မတွေက ရုံးကိုသွားမေးတာ့ ရုံးသုံးငွေ ပါတဲ့။ ပညာရေး ဌာန အကြီးအကဲတွေ လာရင် လုပ်ပေးရတဲ့ဘာကြေး ညာကြေးတွေပါတဲ့။ ဒါဟာ ဟုတ်ပါသလား။နေပြည်တော်က (သို့) ပြည်နယ်က အကြီးအကဲတွေလာ ရင် အောက်ခြေ၀န်ထမ်းတွေ ဆီက နေ စရိတ်စခ ကို မျှပြီးကျခံရတယ်ဆိုတာ ဖြစ်နိုင်ပါသလား။ good governance and clean goverment ကိုဦးတည်ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံ rule တွေကရော ဒိလိုမျိုး ရေးဆွဲ ပြဌန်းထားပါသလား။တာဝန်နဲ့ နယ်ဆင်းလာတဲ့ အကြီးအကဲ တွေကရော ဒိလိုမျိုး အဖြစ်ကိုလက်ခံနိုင်ပါ့မလား ။ ရုံးတရုံးအနေနဲ့ ပုံမှန်မဟုတ်တဲ့(စာရင်းမပြနိုင်တဲ)့ တခြား ကုန်ကျစရိတ်တွေရှိတယ်ဆိုတာကို ကျွန်တော့် အနေနဲ့ လက်ခံပါတယ်။

ဒါပေ့မယ့် ရုံးဖြတ်ငွေကို ကျွန်တော့်တို့ တွက်ကြည့်မယ်ဆိုရင် –
ဘူးသီးတောင်တမြို့နယ်လုံး ပညာရေးဝန်ထမ်း(ဆရာ/မ) အင်အားက ၁၀၀၀ ကျော်။ တွက်ရကောင်းအောင် ၁၀၀၀ ပဲထားလိုက်ပါ။ ရုံးဖြတ်ငွေက ပုံမှန် ၃၀၀၀ ဆိုတော့
၁၀၀၀×၃၀၀၀= ၃၀၀၀၀၀၀ ကျပ်(သိန်း ၃၀)

ဘူးသီးတောင်ပညာရေး ရုံးက ရုံးဖြတ်ဖြတ်ငွေ တလကို သိန်း(၃၀) ရနေပါတယ်။ စာစောင်အတွက် ပြက္ခဒိန်အတွက် ကို ၆ သိန်း(၀န်ထမ်းတစ်ယောက်ဖြတ်ငွေကနေ ၆၀၀ ကျပ်)ကို ပယ်လိုက်ပါအုံး ၂၄ သိန်း ကျန်နေပါတယ်။ တလ တလကို (၂၄) သိန်းတောင်ဘယ်နေရာတွေမှာ သုံးနေပါသလဲ။

အဆင်ပြေတဲ့လူတွေအတွက်တော့ ၃၀၀၀ ဆိုတဲ့ပိုက်ဆံ ဟာ ဘာမှလုပ်လို့ မရပေမယ့်၊ တချို့ ၀န်ထမ်းတွေအတွက် ၃၀၀၀ ဆိုတဲ့ ငွေဟာ ၂ ရက်စာ ထမင်းဖိုး ပါ။ဝန်ထမ်း တဦးရဲ့ လစာကို ဖြတ်ချင်သလိုဖြတ်(ခေါင်းစီးအမျိုးမျိုးနဲ့) ၊ လုပ်ချင်သလိုလုပ်ပြီးမှ ရော့ ဒါမင်း ဒိလရမယ့် ဟာပဲ ပုံစံမျိုး ဖြစ်နေတာ ဟာဖြစ်သင့်ပါလား။ ကျောင်းဆရာဘ၀ဆိုတာ ဒိလို လက်ဝေခံပဲလား။ ဒီမိုကရေစီ ကို ဦးတည်နေပါတယ်ဆိုတဲ့ မြန်မာနီုင်ငံ အတွက်ရော ဖြစ်သင့်ပါသလား။

တချိန်က အကြောက်တရားတွေနဲ့ စိုးမိုးနေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ဘူးသီးတောင်က ကျောင်းဆရာ တွေရဲ့ ဘ၀ဟာလဲ အကြောက်တရားတွေနဲ့ လွမ်းမိုးနေဆဲ့၊စိုးမိုးနေဆဲပါ။ တစ်ခုခု ပြောလို့ အပေါ်က ဖိလာမှာ ကို ကြောက်ရ ၊ ဟိုဟာကြောက်ရ ဒိဟာ ကြောက်ရနဲ့ အများစုသော ကျောင်းဆရာ/မ တွေက အံကြိတ်ပြီး ခံနေခဲ့ကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဘုသွားပြောလို့ ကျောင်းပြောင်းလိုက်ရင်လဲ ဒုက္ခမလား။ ဂွင်ဝင်လာတော့ ရိုက်စားနေကြတော့ ၊ သူတို့ ဂွင်ထဲ့ရောက်တိုင်း အရိုက်ခံ၊ အညစ်ခံနေတာ လဲ မနည်းတော့ပါဘူး။ကိုယ့်ဂွင်နဲ့ ကိုယ်ကိုး။

အထက်အကြီးတွေတောင် ဒိလို ဂွင်လို့ မှတ်နေတဲ့ စိတ်ရှိနေတာ လက်အောက်ဝန်ထမ်းတွေလဲ ဒိစိတ်မျိုးမွေးလာမှာ ပါပဲ။ အဲ့လိုစိတ်ဓါတ်မျိုးရှိတဲ့လူတွေဆီကနေ မွေးထုတ်လိုက်တဲ့ တပည့်တွေ ၊ နောက်မျိုးဆက်သစ်တွေ ဘယ်လိုစိတ်ဓါတ်မျိုးတွေ ဖြစ်လာမလဲ ။ဂွင် စိတ်ပဲ ဖြစ်လာကြမှာပေါ့(ငါ့အဖေက ဂွင်၊ အမေကဂွင် ဆရာကလဲ ဂွင် ဆိုတော့ ငါလဲ ဂွင်ပဲ ဆိုတဲ့ အသိတွေ ၀င်လာမှာပါပဲ)။ ဒိလိုစိတ်ဓါတ်တွေနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ ရခိုင်ပြည်နယ်ကို တိုးတက်အောင်လုပ်နိုင်ပါမလား၊ ကျွန်တော်တို့ မြန်မာနိုင်ငံရော ဒိဂွင် စိတ်နဲ့ တိုးတက်နိုင်ပါ့မလား။ ရင်လေးစရာပါ။

နောက်ပြီး ကျောင်းဆရာ/မတွေ တော်တော်များများ ကြုံရတဲ့ အဖြစ်ပါ။ လုပ်သက်(၂) နှစ်ပြည်ရင် နှစ်တိုး(၁၀၀၀) ရပါတယ်။ လုပ်သက်(၂) နှစ်ပြည့်တာ သာ လအတော်ကြာသွားတယ် နှစ်တိုး (၁၀၀၀) က ပါမလာဘူး။မြို့နယ် ပညာရေးမှူးရုံးက စီမံ ကို သွားပြောတော့ လုပ်ပေးမယ်ပေါ့။ အတော်ကြာမှ နှစ်တိုးလေး ၁၀၀၀ ကို မျက်နှာမြင်ရတယ်။ ၆ လလောက်ကြာသွားပြီ၊ ၆ လဆိုတော့ ၆ ထောင်ပေါ့ နစ်နာသွားပြီ။ ဒိလိုမျိုးအဖြစ်တွေက မနည်းပါဘူး။ ဆရာ/မ တွေ ခမျှာ အကြောင်းသိလေတော့ ရှေ့ လ နှစ်တိုး ဆို ဒိလ စကတည်းက ခခယယ နဲ့ သွားသွားပြောနေရတယ်။ဒါတောင် လကျော်သွားတာက ရှိပါသေးတယ်။

ရုံးတရုံး အနေနဲ့ ဒိလိုမျိုးတွေကို အတိအကျ လုပ်ပေးသင့်ပါတယ်။ရုံးတရုံးမှာ ဖွဲ့စည်းပုံဆိုတာရှိပြီးသားပါ။ ငွေစာရင်းက ဘာလုပ်၊ စီမံက ဘာလုပ် စသည်ဖြင့်ပေါ့။ ကိုယ့် တာဝန်လေးတော့ ကျေပွန်အောင် လုပ်ပေးသင့်တာပေါ့။ ခုဟာက ဒိကလူကပဲ ကိုယ့်အတွက် မို့လို့ လာပြောနေသလို၊ သူတို့ကပဲ ကိုယ့်အတွက် သီးသန့် ကူညီပေးရသလိုလို။ကိုယ့် တာဝန်တော့ ကိုယ်သိသင့်တယ်ပေါ့။ ဒါက ပါးစပ်က ပြောစရာမလိုတဲ့ကိစ္စပါ။ ဘူးသီးတောင် ပညာရေး ရုံးနဲ့ ပညာရေး ၀န်ထမ်းတွေကြားမှာ ဒိလို အဆင်မပြေမှုတွေ အများကြီးရှိနေပါတယ်။

ဒိစာကို ကျွန်တော်ရေးသားဒါဟာ ရင်ဖွင့်ရုံသက်သက်ပါ၊ သက်ဆိုင်တဲ့လူတွေ ကျွန်တော့်စာကို ဖတ်မိပြီး သတိသံဝေဂ အသိတရားရ ရုံပါ။ ကျွန်တော် မတိုင်ချင် မတော့ ချင်ပါဘူး၊ တစုံတယောက်ကို ဒုက္ခ ရောက်စေချင်တဲ့ စိတ်မရှိပါဘူး။အားလုံးကို အဆင်ပြေ စေချင်ပါတယ်။ ဒါပေမယ့် ကျောင်းဆရာဆို တာ လက်ဝေခံ မဟုတ်ဘူး ဆိုတာကိုတော သိစေချင်ပါတယ်။

လေးစားလျှက်
အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့မှကျောင်းဆရာ တစ်ဦး

ငလုံးသို့ ပေးပို့လာသော mail အား သတ်ပုံမှလွဲ၍ မူရင်းအတိုင်း တင်ပေးလိုက်သည်။