မောင်တောနယ်စပ် အစွန်အဖျား ကျေးရွာများတွင် ဆရာမများအစား ဆရာများဖြင့် အစားထိုးမည်ဖြစ်ပြီး ကျောင်းဆရာများကို အခြေခံစစ်ပညာ သင်ပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပြောကြား

မောင်တောနယ်စပ် အစွန်အဖျား ဝေးလံခေါင်ပါး ကျေးရွာများတွင် အမျိုးသမီး ဆရာမများအစား အမျိုးသားဆရာများကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကာ ကျောင်းဆရာများကို အခြေခံစစ်ပညာ သင်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောကြားသည်။

image

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “ဒီနေရာမှာ ရေရှည်အနေနဲ့ အဲဒီရွာတွေမှာ ကျွန်တော်တို့ အမျိုးသမီး ကျောင်းဆရာမတွေကို ထားရတဲ့ အင်မတန်မှ ကျွန်တော်တို့အတွက် တာဝန်ကြီးမားတယ်။ သူတို့အတွက်လည်း မိဘတွေ အတွက်လည်း သားသမီးချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့ သူတို့နေရာမှာ အစားထိုးဖို့အတွက် ကျွန်တော်တို့မှာ အစီအမံတွေ ဆောင်ရွက်ထားတာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒေသမှာ နိုင်ငံခြားကို သွားအလုပ်လုပ်ပြီး ပြန်လာတဲ့ ကျွန်တော်တို့ရဲ့ ဘွဲ့ရ လူငယ်တွေ ရှိပါတယ်။ သို့သော်လည်းပဲ သူတို့ အသက်သည် ၃၀ ကျော်သွားတဲ့အတွက်ကြောင့် ပညာရေးဌာနမှာ လုပ်ချင်တောင်မှ သူတို့ လုပ်ခွင့် မရပါဘူး။ အဲဒီတော့ ပညာရေး ပြည်ထောင်စုဝန်ကြီးဆီ တင်ပြပြီး ထားပါတယ်။ အခုလည်း ၀န်ကြီးချုပ် နေပြည်တော်သွားလို့ရှိရင် ထပ်ပြီးတပ်ပြဖို့ ဖြစ်ပါတယ်။ ၃၅ နှစ်အောက် ဘွဲ့ရပြီးလူတွေကို ကျွန်တော်တို့ အခု စုစည်းနေပါတယ်။ အဲဒီ ကျောင်းဆရာတွေကို နယ်စပ်ဒေသမှာရှိတဲ့ ဆရာမတွေ နေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီ ကျောင်းဆရာတွေကို ကျွန်တော်တို့ အခြေခံ စစ်ပညာကအစ သင်ပေးဖို့အထိ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ဒီမှာပါတဲ့ ဘွဲ့ရပညာတတ် ၃၅ နှစ်အောက် ယောက်ျားတွေဟာ ကျွန်တော်တို့ ကျောင်းဆရာ လုပ်ချင်တယ်။ တိုင်းပြည်ကို ကာကွယ်ချင်တယ် ဆိုရင် အဲဒီအစီအမံထဲမှာ ပါဝင်ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

မောင်တော အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် လုံခြုံရေး အခြေအနေအရ မောင်တာမြို့နယ် အစွန်အဖျားတွင် တာဝန်ကျနေသော ဆရာဆရာမများကို ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်ခဲ့ရသည်များ ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ကျောင်းပြန်ဖွင့်ပြီ ဆိုသော်လည်း မြို့ပေါ်ကျောင်းများသာ ဖွင့်နိုင်သေးကြောင်းနှင့် ဒုတိယအဆင့် အနေဖြင့် စိတ်ချရသည့် ခြေကုပ်စခန်းများဖြစ်သော ကြိမ်ချောင်း ကျေးရွာကဲ့သို့သော ကျေးရွာများတွင် ကျောင်းများပြန်လည်ဖွင့်မည်ဖြစ်ကာ တတိယအသုတ် ကျောင်းများကို နယ်မြေအေးချမ်းသာယာပြီး နေရပ်စွန့်ခွာသည့် ကျောင်းသူကျောင်းသားများ ပြန်လည်ရောက်ရှိသည့် ကျေးရွာများတွင် ဆရာ၊ ဆရာမတွေကို စေလွှတ်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာချမ်းသာက ဆိုသည်။

မောင်တောမြို့နယ် အတွင်းရှိ ၁၈၃ ကျောင်းအနက် ပထမအဆင့် ၂၄ ကျောင်း၊ ဒုတိယအဆင့် ၈၂ ကျောင်းနှင့် လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်ရန် ၂၈ ကျောင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင် ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၂၈၈ ဦးရှိကြောင်းနှင့် အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်ပြီး နောက်ပိုင်း တိုက်ပွဲကြောင့် ပိတ်မိနေသော မောင်တောမြောက်ပိုင်းမှ ဆရာ၊ ဆရာမ ၁၀၀ ကျော်ကို ရဟတ်ယာဉ်များဖြင့် သယ်ယူ ကယ်ထုတ်ကာ နေရပ်သို့ ပြန်ပို့ခဲ့ရကြောင်း သိရသည်။ မောင်တောမြို့နယ်တွင် တာဝန်ကျ ဆရာဆရာများ အားလုံးကို အောက်တိုဘာ ၃၀ ရက် မောင်တောသို့ အရောက်ပြန်လာရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

Writer:
သားရွှေဦး (ကစ္ဆပ)
31-10-2016 Dailyeleven သတင်းစာမှ

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ